ရှေးရှေးက ရွာတစ်ရွာတွင် နားထိုင်းသူ လေးဦးရှိ၏။ တစ်ဦးသည် ထန်းတက်သမား၊ တစ်ဦးသည် ဆိတ်ကျောင်းသမား၊ တစ်ဦးသည် ဆားရောင်းသူဖြစ်ပြီး ကျန်တစ်ဦးမှာ သူကြီးဖြစ်လေသည်။
တစ်နေ့တွင် ဆိတ်ကျောင်းသား နားထိုင်းသူသည် သူ့ဆိတ်အုပ် ပျောက်သွားသဖြင့် လိုက်လံရှာဖွေရာ ထန်းတောတစ်တောသို့ ရောက်သွားလေသည်။ အနီးအနား မေးစရာလူရှာသောအခါ ထန်းပင်ထက်တွင် ထန်းတက်နေသော သူ့လိုနားထိုင်းသည့် လူတစယောက်ကို တွေ့လေ၏။ ဆိတ်ကျောင်းသမားက ထန်းပင်ပေါ် မော့ကြည့်၍ ...
"အိုဗျ ထန်းပင်ပေါ်က မိတ်ဆွေ ၊ ကျုပ် ဆိတ်အုပ်ပျောက်နေလို့ ဒီဘက်သွားတာများ မတွေ့ဘူးလား" ဟု မေး၏။ ထိုအခါ ထန်းပင်ထက်က လူက ...
"ဟိုရှေ့ရောက်လျှင် ကျုပ်ယောက္ခမ ထန်းတောချည်းပဲဗျ" ဟု ရှေ့သို့ လက်ညိုးထိုးပြပြီး ပြနပြောလိုက်သည်။
"အေးဗျာ ကျုပ်ဆိတ်အုပ် ပြန်တွေ့လျှင် ဆိတ်ကျိုးလေးတစ်ကောင်တော့ ခင်ဗျားကို ပေးပါ့မယ်" ဟု ပြောကာ ထန်းသမား လက်ညိုးညွှန်ရာဘက်သို့သွားကာ လိုက်ရှာလေ၏။
ကံအားလျော်စွာ ဆိတ်အုပ်ကိုပြန်တွေ့သဖြင့် ၀မ်းသာအားရ ထန်းသမားထံ ပြန်လာပြီး ဆိတ်ကျိုးကလေး တစ်ကောင်ကို ထန်းသမားတက်နေသည့် အပင်ခြေရင်းတွင် ချည်ပေးလိုက်သည်။ ဤတွင် အပင်ပေါ်မှ လူက ...
"ဟေ့လူ ခင်ဗျားဆိတ် ကျုပ်မခိုးဘူးဗျ၊ ကျုပ်ကို အမှုပတ်အောင် မလုပ်နဲ့" ဟု အော်ပြောလေ၏။
"အစကတည်းက ကျုပ်က ဆိတ်ကျိုးကလေးပေးမယ်လို့ ပြောတာ ဆိတ်ကောင်းပေးမယ်လို့မှ မဆိုပဲဗျ" ဟု ဆိတ်ကျောင်းသူက ပြန်ပြော၏။
"ခင်ဗျား ဒီလိုမလုပ်နဲ့ဗျ ၊ ကျုပ်ကိုအမှုပတ်အောင် အကွက်ဆင်လို့ ဘာရမလဲ"
"ကျုပ်ကတိ ပျက်တာမဟုတ်ဘူးဗျ ၊ ဆိတ်ကျိုးကလေးပေးမယ်လို့ ပြောထားတာဗျ" ။
ထန်းသမားလည်း ထန်းပင်ပေါ်က ဆင်းလာပြီး နှစယောက်သား ကိုယ်ထင်ရာစွပ်၍ ငြင်းခုံနေစဉ် ဆားထမ်း၍ လည်းရောင်းသော လူတစ်ယောက် ရောက်လာလေသည်။ ငြင်းခုံနေကြသူ နှစ်ယောက်ကလည်း ဘေးလူ ရောက်သည်ဆိုလျှင်ပင် အကျိုးအကြောင်း ပြောပြကြလေ၏။
"ဒီလူက သူ့ဆိတ်ကို ကျုပ်ခိုးတယ်ဖြစ်အောင် ကျုပ်အပင်ခြေရင်းမှာ သူ့ဆိတ်ကို လာချည်တယ်ဗျ" ။
"ကျုပ်က နဂိုကတည်းက ဆိတ်အကျိုးကလေးတစ်ကောင်ပေးမယ်ပြောတာ သူက ဆိတ်အကောင်းပေးရမယ် လုပ်နေတယ်ဗျ" ။
ထိုအခါ ဆားများထမ်းလာသူက "ကဲ ခင်ဗျားတို့ ဘာပဲပြောပြော ကျုပ် ဆားရှုံးနေတယ် ၊ တစ်ယောက်တစ်ဆုပ်ပဲ ပေးနိုင်မယ်" ဟု ပြောပြီး ဆားတစ်ဆုပ်စီ ပေးလေ၏။
ဤတွင် ငြင်းခုံမှုတွင် တစ်ယောက်တိုးလာပြီး ပို၍ ရှုပ်လာလေတော့သည်။ သို့နှင့် နောက်ဆုံးတွင် သုံးယောက်သား မရှင်းနိုင်ကြတော့ဘဲ သူကြီးဆီ လာခဲ့ကြလေ၏။ ၎င်းတို့ရောက်သောအချိန်တွင် သူကြီးသည် သူ့မိန်းမနှင့် စိတ်ဆိုးနေလေသည်။ အငြင်းပွားနေသူ သုံးယောက်လည်း သူကြီးစီ ရောက်လျှင်ရောက်ချင်း ၎င်းတို့၏ ပြဿနာကို ရှင်းပေးရန် ပြောကြလေသည်။
"သူကြီးမင်း သူ့ဆိတ်ကို ကျုပ်မခိုးရဘဲ ခိုးတယ်ဖြစ်အောင် သူက ကျုပ်ထန်းပင်ရင်းမှာ ဆိတ်တစ်ကောင် လာချည်ပါတယ်"
"မဟုတ်ဘူး သူကြီးမင်း မဟုတ်ဘူး၊ ကျုပ်က အစကတည်းက ဆိတ်ကျိုးကလေး ပေးပါ့မယ်လို့ ပြောထားတာပါ"
"ကျုပ်ကလည်း ရှုံးနေတော့ ဘယ်များများ ပေးနိုင်ပါ့မလဲ ၊ တစ်ဆုပ်စီသာပေးပါ့မယ်" ။
ဤတွင် စိတ်ဆိုးနေသော သူကြီးက "ခင်ဗျားတို့ ဘာပဲ ပြောပြော ကျုပ်တော့ ဒီမိန်းမကို ကွာမှပဲ ဖြစ်မယ်" ဟု ပြောလိုက်လေသတည်း။

2 comments:
မမ.. တော်တော်ရယ်ရတယ်နော်.. ဒီပုံပြင်ကလေ.. နောက်ထပ်ဒါမျိုးလေးတွေရှိရင်လည်း ရေးပါဦးနော်.. :)
ရေးမယ်လေ ... အားပေးလို့ ကျေးဂျူးနော် ကောင်မလေး
Post a Comment