Showing posts with label ကျေးလက်ပုံပြင်. Show all posts
Showing posts with label ကျေးလက်ပုံပြင်. Show all posts

Sunday, March 2, 2008

မောင်ရွှေရိုး မယ်ရွှေရိုး

ဟိုးရှေးရှေးအခါက မြို့နှင့် အလွန်ဝေးသော ကျေးရွာတစ်ရွာတွင် လယ်ယာကိုင်းကျွန်းအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေထိုင်ကြသော တောင်သူကြီး လင်မယားနှစ်ယောက် ရှိကြ၏။ ၎င်းလင်မယားသည် ဈေးရောင်းဈေးဝယ်နှင့် လူစည်ကားသော မြို့အရပ်ကို တစ်ခေါက်တစ်ခါမျှ မရောက်ဖူးကြချေ။ မိမိတို့ လယ်တောမှ ထွက်သော အသီးအနှံများကိုသာ သုံးဆောင် စားသောက် ၀တ်ဆင်ကာ ရိုးသားစွာနေကြသဖြင့် လင်ဖြစ်သူကို မောင်ရွှေရိုး ၊ မယားဖြစ်သူကို မယ်ရွှေရိုးဟု အများကခေါ်ကြလေသည်။ လင်မောင်ရွှေရိုး မယား မယ်ရွှေရိုးတို့ နေထိုင်ကြသည့်ရွာတွင် ရွာသူရွာသားများ ကိုးကွယ်ဆည်းကပ် အားထားရာဖြစ်သော ဆရာတော်ဘုရားသည် လောကုတ္တရာ ကျမ်းစာ အစောင်စောင်တို့ကို များစွာ နှံစပ်ပါသော်လည်း လောကီဗဟုသုတဆိုလျှင် ဘာတစ်ခုမျှ လေ့လာလိုက်စားခြင်းမရှိ ၊ ၀ဋ်ဆင်းရဲမှ ထွက်မြောက်ရာ ထွက်မြောက်ကြောင်းဖြစ်သော ကမ္မဋ္ဌာန်းတရားကိုသာ ကြိုးစားအားထုတ်၍ ရိုးရိုးသားသား နေထိုင်သဖြင့် ထူးဆန်းသော အရာဝတ္ထုနှင့် ခေတ်ပေါ်ပစ္စည်းများကို ဘာတစ်ခုမျှ မြင်ဖူးခြင်း ၊ တွေ့ဖူးခြင်း ၊ ကြားဖူးခြင်း မရှိ။ ထို့ကြောင့်ဆရာတော်ကြီးကိုလည်း ဘိုးရွှေရိုးဟု အများက ခေါ်ကြလေသည်။

တစ်နေ့သောအခါ လင်ဖြစ်သူ မောင်ရွှေရိုးသည် လယ်တောတွင် အလုပ်ကိစ္စများကို ကြိုးစားလုပ်ကိုင်ပြီးလျှင် အိမ်သို့ပြန်ရောက်သောအခါ အိပ်ရာထဲသို့ ၀င်၍အိပ်လိုက်သည်။

မယားဖြစ်သူ မယ်ရွှေရိုးသည် လင်မောင်ရွှေရိုး အိပ်နေသည်ကို မြင်လျှင် “ကိုရွှေရိုးကလည်းတော် အိမ်ရောက်လျှင် ရောက်ချင်း အိပ်တော့တာပဲ ၊ ရေကလေးများ ၀ိုင်းခတ်ပါအုံးတော့” ဟု ပြောသောကြောင့် ရေအိုးကို ထမ်းကာ ရေခပ်သွားရာတွင် ရေခပ်လမ်းမှ လူ၏အရိပ်ထင်ရန် ပြဒါးသုတ်ထားသော မှန်ဝိုင်းကလေးတစ်ချပ်ကို ကောက်ရလေ၏။ မောင်ရွှေရိုးသည် မှန်ကို မှန်မှန်းမသိချေ။

ဝင်းဝင်းပြောင်ပြောင်ကလေးကို အသေအချာကြည့်သောအခါ သျှောင်ပေစူးနှင့် မိမိအရိပ် ထင်နေသည်ကိုလည်း မိမိအရိပ်မှန်းမသိချေ။

‘လွန်ခဲ့သော ငါးနှစ်လောက်က သေဆုံးသွားသော သျှောင်ပေစူးနဲ့ ငါ့ ဘကြီးရဲ့ရုပ်ပုံပါလား ၊ ဘကြီးကို လွမ်းတဲ့အခါ ကြည့်ရအောင် အိမ်ယူသွားမှဘဲ’ ဟု စိတ်ကူးရ၍ မှန်ဝိုင်းကလေးကို အိတ်ထဲထည့်ကာ ရေခပ်ပြီးနောက် အိမ်သို့ ပြန်လေ၏။

အိမ်ရောက်လျှင် ကောက်ရခဲ့သော မှန်ကလေးကို အိမ်ဦးခန်းမှာ ထားသည့် သေတ္တာထဲတွင် ထည့်ကာ ရိုသေစွာ သိမ်းဆည်းထားလေ၏။

မောင်ရွှေရိုးသည် ဤအရာမှာ မှန်ဆိုသည်ကို သူမသိ ၊ အရိပ်ထင်တတ်သော သဘာဝကိုလည်း သူမသိချေ။ ကောက်ရခဲ့သော မှန်ဝိုင်းကလေးသည် လွန်ခဲ့သော ငါးနှစ်လောက်က သေဆုံးသွားသော သူ၏ဘကြီးရဲ့ရုပ်ပုံဟု အစွဲအလမ်းကြီးဖြင့် လယ်တောက ပြန်လာတိုင်း ပြန်လာတိုင်း သေတ္တာထဲက မှန်ဝိုင်းလေးကို ယူ၍ မိမိအရိပ်ကို ဘကြီးပုံထင်ကာ ကြည့်လေံရှိ၏။

ခေါင်းရင်းက သေတ္တာကို နေ့တိုင်းနေ့တိုင်း ဖွင့်ကြည့်နေသည်ကို မယ်ရွှေရိုး မြင်လေလျှင် ‘ကိုရွှေရိုးသည် သေတ္တာကို ခဏခဏ ဖွင့်ကြည့်နေသည်။ ငါမသိအောင် ဘာတွေများ ထည့်ထားလို့ပါလိမ့်မလဲ ၊ သူမရှိမှ အသေအချာ ဖွင့်ကြည့်ဦးမည်’ ဟု မယ်ရွှေရိုး အကြံရလေ၏။

လင်မောင်ရွှေရိုး လယ်တောထဲသို့ သွားသောအခါ မယားမယ်ရွှေရိုးသည် အကြံစည်ထားသည့်အတိုင်း သေတ္တာကို ဖွင့်၍ရှာဖွေကြည့်လေလျှင် တစ်ခါမှ မမြင်ဖူး ၊ မတွေ့ဖူးသော မှန်ဝိုင်းကလေးကို တွေ့၍ အသေအချာကြည့်သောအခါ မှန်ဝိုင်းလေးထဲမှ ထင်နေသေည မိမိအရိပ်ကို မြင်လေလျှင် ‘လက်စသတ်တော့ မောင်မင်းကြီးသာ မောင်ရွှေရိုးက သူ့မယားငယ် ရုပ်ပုံရှိလို့ သည်သေတ္တာကို ခဏခဏ ဖွင့်ကြည့်နေတာကိုး ၊ မယားငယ် ယူချင်တဲ့ မောင်ရွှေရိုး သည်တစ်ခါ အကြောင်းသိစေမယ်’ ဟု ကြုံးဝါးနေလေ၏။

မောင်ရွှေရိုး လယ်တောမှ ပြန်လာသောအခါ မယ်ရွှေရိုးသည် ကပျာကရာ မောင်ရွှေရိုး၏ လက်ကိုဆွဲကာ အိမ်ထဲသို့ ခေါ်၍ ခေါင်းရင်းသေတ္တာထဲမှ မှန်ဝိုင်းလေးကို ယူလာပြီးလျှင် “ဟောဒီဟာ မင့်မယားငယ်မဟုတ်လား” ဟု ဒေါသသံဖြင့် မေးပြီး မိမိအရိပ်ကို လက်ညှိုးထိုး၍ ပြလေ၏။

မောင်ရွှေရိုးသည် အံအားသင့်လျက် မှန်ကလေးကို ကပျာကရာ လုကာ မိမိအရိပ် အသေအချာ ကြည့်ပြီးလျှင် “ဟောဒီဟာ ငါ့ဘကြီးရဲ့ပုံဟ ၊ နှုတ်ခမ်းမွှေးကလေးရေးရေးနဲ့” ဟု ပြောလေ၏။

မယ်ရွှေရိုးကလည်း မှန်ကလေးကို ကပျာကရာ လုကာ အသေအချာ ကြည့်ပြီးလျှင် မိမိအရိပ်ကို လက်ညှိုးထိုး၍ “အသေအချာကြည့်ဟဲ့ ရွှေရိုးရဲ့ ၊ ဘီးကြော့ပတ်ဆံထုံးကြီးနဲ့ဟဲ့ ၊ ဘယ်က နင်လကြီးပုံဟုတ်ရမှာလဲ” ဟု ပြန်ပြောသဖြင့် “ငါ့ဘကြီးပုံဟ” ၊ “မယားငယ်ပုံဟဲ့” နှင့် အငြင်းပွားကာ လင်မယားရန်ဖြစ်ကြ၍ မောသောအခါ - မယ်ရွှေရိုးက ရုတ်တရက် အကြံရကာ “ကဲ ကိုရွှေရိုး ငြင်းမနေနဲ့ ၊ သစ္စာသမာဓိရှိတဲ့ ရွာဦးကျောင်းက ဘုန်းတော်ကြီးကို သွားမေးရအောင် ၊ ဆရာတော်က ရှင့်ဘကြီးဆိုရင်လည်း ကျွန်မက အရှုံးပေးမယ် ၊ ရှင့်နောက် အိမ်ထောင်ပုံလို့ ပြောရင်လည်း ရှင် အရှုံးပေးဝန်ခံ” ဟု ပြောလေ၏။

ထိုအခါ မောင်ရွှေရိုးက “ကောင်းပြီ၊ ဆရာတော်ကြီး ဆုံးဖြတ်တာကို နာခံမည်” ဟု နှစ်ဦးသဘောတူ မှန်မမြင်ဖူး ၊ မကြားဖူးသော ဆရာတော် ဘိုးရွှေရိုးကျောင်းသို့ သွားကြလေ၏။

ဆရာတော် ဘိုးရွှေရိုးသည် စိတ်ပုတီးကို လည်ပင်းမှာချိန်ကာ တံမြက်လှည်းရာမှ “ဟဲ့ ဒါယကာ ရွှေရိုးတို့ ဘယ်ကလာကြတာလဲ” ဟု မေးလေလျှင် ဒါယကာဦးရွှေရိုးသည် ဘုန်းတော်ကြီးကို ရိုသေစွာ ရှိခိုးလျက် “မှန်လှပါဘုရား တပည့်တော် လမ်းကကောက်ရတဲ့ ဘကြီးရဲ့ရုပ်ပုံကို မယ်ရွှေရိုးက တပည့်တော်ရဲ့ နောက်အိမ်ထောင်ပုံဟု စွပ်စွဲနေပါသဖြင့် ဘကြီးရဲ့ ရုပ်ပုံဟုတ်သည် ၊ မဟုတ်သည်ကို ဆုံဖြတ်၍ ပေးတော်မူပါဘုရား” ဟု လျှောက်လေ၏။

ထိုအခါ တစ်ခါမှ မှန်မကြည့်ဖူးသော ဘုန်းတော်ကြီးက “ရွှေရိုးရဲ့ ဘကြီးငါသိတာပေါ့ဟဲ့ ၊ ပြစမ်း အဲဒီပုံ” ဟု ဆိုကာ မှန်ဝိုင်းကလေးကိုတောင်း၍ မှန်ဝိုင်းထဲမှ ပေါ်သော ပုံရိပ်ကို အသေအချာကြည့်လေသည် “ဒီရုပ်ပုံဟာ မောင်ရွှေရိုးရဲ့မယားပုံငယ်လည်း မဟုတ်ဘူး ၊ မောင်ရွှေရိုးရဲ့ ဘကြီးပုံလည်း မဟုတ်ဘူးဟဲ့ ၊ အရင်တုန်းက ပျံလွန်တော်မူသွားတဲ့ ငါတို့ဆရာ ဘုန်းတော်ကြီးရဲ့ပုံပဲဟဲ့” ဟု အမိန့်ရှိလိုက်လေသည်။

လင်မောင်ရွှေရိုး မယားမယ်ရွှေရိုးတို့သည် ဆရာတော် ဆုံဖြတ်သည်ကို ခံယူကြပြီးလျှင် နဂိုအတိုင်း လင်မယား သင့်မြတ်ပြီး အိမ်သို့ ပြန်ကြလေ၏။

( တရုတ်ပုံပြင်များတွင် လည်းကောင်း၊ အနောက်တိုင်းပုံပြင်များတွင် လည်းကောင်း ဤသို့ မှန်ကိုအကြောင်းပြု၍ ပြောသော ဆင်တူယိုးမှား ပုံပြင်များ ရှိကြသည်။ သို့ရာတွင် ပြောဟန်နှင့် အချက်အလက်များ ကွဲပြားကြပါသည်။ )

Monday, February 18, 2008

ဒီမိန်းမကို ကွာမှပဲဖြစ်မယ်

ရှေးရှေးက ရွာတစ်ရွာတွင် နားထိုင်းသူ လေးဦးရှိ၏။ တစ်ဦးသည် ထန်းတက်သမား၊ တစ်ဦးသည် ဆိတ်ကျောင်းသမား၊ တစ်ဦးသည် ဆားရောင်းသူဖြစ်ပြီး ကျန်တစ်ဦးမှာ သူကြီးဖြစ်လေသည်။

တစ်နေ့တွင် ဆိတ်ကျောင်းသား နားထိုင်းသူသည် သူ့ဆိတ်အုပ် ပျောက်သွားသဖြင့် လိုက်လံရှာဖွေရာ ထန်းတောတစ်တောသို့ ရောက်သွားလေသည်။ အနီးအနား မေးစရာလူရှာသောအခါ ထန်းပင်ထက်တွင် ထန်းတက်နေသော သူ့လိုနားထိုင်းသည့် လူတစယောက်ကို တွေ့လေ၏။ ဆိတ်ကျောင်းသမားက ထန်းပင်ပေါ် မော့ကြည့်၍ ...

"အိုဗျ ထန်းပင်ပေါ်က မိတ်ဆွေ ၊ ကျုပ် ဆိတ်အုပ်ပျောက်နေလို့ ဒီဘက်သွားတာများ မတွေ့ဘူးလား" ဟု မေး၏။ ထိုအခါ ထန်းပင်ထက်က လူက ...

"ဟိုရှေ့ရောက်လျှင် ကျုပ်ယောက္ခမ ထန်းတောချည်းပဲဗျ" ဟု ရှေ့သို့ လက်ညိုးထိုးပြပြီး ပြနပြောလိုက်သည်။
"အေးဗျာ ကျုပ်ဆိတ်အုပ် ပြန်တွေ့လျှင် ဆိတ်ကျိုးလေးတစ်ကောင်တော့ ခင်ဗျားကို ပေးပါ့မယ်" ဟု ပြောကာ ထန်းသမား လက်ညိုးညွှန်ရာဘက်သို့သွားကာ လိုက်ရှာလေ၏။

ကံအားလျော်စွာ ဆိတ်အုပ်ကိုပြန်တွေ့သဖြင့် ၀မ်းသာအားရ ထန်းသမားထံ ပြန်လာပြီး ဆိတ်ကျိုးကလေး တစ်ကောင်ကို ထန်းသမားတက်နေသည့် အပင်ခြေရင်းတွင် ချည်ပေးလိုက်သည်။ ဤတွင် အပင်ပေါ်မှ လူက ...
"ဟေ့လူ ခင်ဗျားဆိတ် ကျုပ်မခိုးဘူးဗျ၊ ကျုပ်ကို အမှုပတ်အောင် မလုပ်နဲ့" ဟု အော်ပြောလေ၏။

"အစကတည်းက ကျုပ်က ဆိတ်ကျိုးကလေးပေးမယ်လို့ ပြောတာ ဆိတ်ကောင်းပေးမယ်လို့မှ မဆိုပဲဗျ" ဟု ဆိတ်ကျောင်းသူက ပြန်ပြော၏။

"ခင်ဗျား ဒီလိုမလုပ်နဲ့ဗျ ၊ ကျုပ်ကိုအမှုပတ်အောင် အကွက်ဆင်လို့ ဘာရမလဲ"

"ကျုပ်ကတိ ပျက်တာမဟုတ်ဘူးဗျ ၊ ဆိတ်ကျိုးကလေးပေးမယ်လို့ ပြောထားတာဗျ" ။

ထန်းသမားလည်း ထန်းပင်ပေါ်က ဆင်းလာပြီး နှစယောက်သား ကိုယ်ထင်ရာစွပ်၍ ငြင်းခုံနေစဉ် ဆားထမ်း၍ လည်းရောင်းသော လူတစ်ယောက် ရောက်လာလေသည်။ ငြင်းခုံနေကြသူ နှစ်ယောက်ကလည်း ဘေးလူ ရောက်သည်ဆိုလျှင်ပင် အကျိုးအကြောင်း ပြောပြကြလေ၏။

"ဒီလူက သူ့ဆိတ်ကို ကျုပ်ခိုးတယ်ဖြစ်အောင် ကျုပ်အပင်ခြေရင်းမှာ သူ့ဆိတ်ကို လာချည်တယ်ဗျ" ။

"ကျုပ်က နဂိုကတည်းက ဆိတ်အကျိုးကလေးတစ်ကောင်ပေးမယ်ပြောတာ သူက ဆိတ်အကောင်းပေးရမယ် လုပ်နေတယ်ဗျ" ။

ထိုအခါ ဆားများထမ်းလာသူက "ကဲ ခင်ဗျားတို့ ဘာပဲပြောပြော ကျုပ် ဆားရှုံးနေတယ် ၊ တစ်ယောက်တစ်ဆုပ်ပဲ ပေးနိုင်မယ်" ဟု ပြောပြီး ဆားတစ်ဆုပ်စီ ပေးလေ၏။

ဤတွင် ငြင်းခုံမှုတွင် တစ်ယောက်တိုးလာပြီး ပို၍ ရှုပ်လာလေတော့သည်။ သို့နှင့် နောက်ဆုံးတွင် သုံးယောက်သား မရှင်းနိုင်ကြတော့ဘဲ သူကြီးဆီ လာခဲ့ကြလေ၏။ ၎င်းတို့ရောက်သောအချိန်တွင် သူကြီးသည် သူ့မိန်းမနှင့် စိတ်ဆိုးနေလေသည်။ အငြင်းပွားနေသူ သုံးယောက်လည်း သူကြီးစီ ရောက်လျှင်ရောက်ချင်း ၎င်းတို့၏ ပြဿနာကို ရှင်းပေးရန် ပြောကြလေသည်။

"သူကြီးမင်း သူ့ဆိတ်ကို ကျုပ်မခိုးရဘဲ ခိုးတယ်ဖြစ်အောင် သူက ကျုပ်ထန်းပင်ရင်းမှာ ဆိတ်တစ်ကောင် လာချည်ပါတယ်"

"မဟုတ်ဘူး သူကြီးမင်း မဟုတ်ဘူး၊ ကျုပ်က အစကတည်းက ဆိတ်ကျိုးကလေး ပေးပါ့မယ်လို့ ပြောထားတာပါ"

"ကျုပ်ကလည်း ရှုံးနေတော့ ဘယ်များများ ပေးနိုင်ပါ့မလဲ ၊ တစ်ဆုပ်စီသာပေးပါ့မယ်" ။

ဤတွင် စိတ်ဆိုးနေသော သူကြီးက "ခင်ဗျားတို့ ဘာပဲ ပြောပြော ကျုပ်တော့ ဒီမိန်းမကို ကွာမှပဲ ဖြစ်မယ်" ဟု ပြောလိုက်လေသတည်း။



ငါသာ မယားကြောက်ရသည်မဟုတ်

ရှေးအခါက မယားကို ကြောက်ရသော လူတစ်ယောက်ရှိရာ သူ၏သားဖြစ်သူက မကျေနပ်သဖြင့် "အဘယ့်ကြောင့် ကြောက်ရသနည်း" ဟု မေးလေ၏။

ဖခင်ဖြစ်သူက အဖြေပေးသည်မှာ "ငါ့သား ငါတို့ပိုင်သော နွားတစ်အုပ်နှင့် မြင်းတစ်အုပ်ကိုသာ ယူသွားပြီး ရွာစဉ်လျှောက် တစ်အိမ်ဝင် တစ်အိမ်ထွက် အိမ်စေ့အောင်သာ မေးပါ။

"မယားကြောက်ရသည့် ယောက်ျားကို တွေ့လျှင် နွားတစ်ကောင်ကျစီပေးခဲ့။မယားကို မကြောက်ရသည့် ယောက်ျားကို တွေ့လျှင် မြင်းတစ်ကောင်စီပေးခဲ့။ မင်းပြန်ရောက်လျှင် သိလိမ့်မည်" ဟု ဆိုကာ သားကို လွှတ်လိုက်သည်။

သားဖြစ်သူသည် အိမ်စဉ်အတိုင်းမေးလျှင် မယားကြောက်ရသော ယောက်ျားများကိုသာ တွေ့ရသဖြင့် နွားအုပ်ထဲမှ တစ်ယောက်တစ်ကောင်စီ ပေးခဲ့ရာ နွားအုပ်တစ်အုပ်လုံး ကုန်သွားတော့၏။

နောက်ဆုံးရွာမှ အိမ်တစ်အိမ်သို့ ရောက်လေရာ အိမ်ရှင်ယောက်ျားက သူ၏ဇနီးအား "ဟဲ့ ရှင်မ ဧည့်သည်ကို ကွမ်းဆေးလက်ဖက် တည်ပါ" စသည်ဖြင့် ဧည့်ဝတ်များ ကျေပွန်စွာပြုရန် ခိုင်းစေသည်ကို တွေ့ရသဖြင့် ဤယောက်ျားသည် မယားကိုနိုင်သူဖြစ်လိမ့်မည်ဟု ယူဆသဖြင့် သူ၏မြင်းအုပ်ထဲမှ ကြိုက်သော မြင်းတစ်ကောင်ကို ယူပါဟု ပြောပြီး ပေးခဲ့လေ၏။ အိမ်ရှင်ယောက်ျားလည်း အလွန်လှသော အုန်းခွံရောင် မြင်းတစ်ကောင်ကို ရွေးယူထားလိုက်လေ၏။

သားဖြစ်သူသည် ကျန်သောမြင်းများနှင့် အိမ်ပြန်ခဲ့ရာ ရွာတံခါးဝအရောက်တွင် အိမ်ရှင်ယောက်ျားသည် မြင်းကိုဆွဲလျက် အလျင်အမြန် လိုက်လာသည်ကို တွေ့ရ၍ စောင့်ပြီး အကြောင်းခြင်းရာကို မေးလိုက်သောအခါ- "ကျွန်တော့်မိန်းမက ဒီမြင်းကို မကြိုက်၍ ခင်ဗျား၏ မြင်းအုပ်ထဲမှ သူကြိုက်သော မြင်းဖြူကြီးနှင့် အလဲခိုင်းလိုက်သဖြင့် လာရပါသည်" ဟု ပြန်ပြောလေသတည်း။