Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Monday, January 21, 2008

ကျေးဇူးစကား ပြောပါရစေ ဆရာ

ဦးတင်မိုးရဲ့ ထီးကလေးနဲ့ မနီ ဆိုသောစာအုပ်ကို မဖတ်ရတာကြာပါပြီ။ မေ့ပျောက်နေပါတယ် မနေ့က အိမ်ခန်းရှင်းရင် ဒီစာအုပ်လေး ကိုတွေ့ရတော့ ပြန်ဖတ်နေမိတယ်။ ဖတ်ရင်း ငယ်ငယ်ကအရွယ်လေးကို ပြန်လိုချင်နေမိတယ်လေ။ ထီးကလေးနဲ့ မနီ စာအုပ်ကို ဘယ်သူဝယ်ပေးခဲ့လည်း ဆိုတာလည်းမေ့နေပြီ။ ဒီစာအုပ်လေးဟာ အလွန်မှ ချစ်ဖို့ကောင်းပါတယ် ပန်းချီကိုတော့ ပေါ်ဦးသက်က ဆွဲထားပါတယ်။ ဆရာပေါ်ဦးသက် ရဲ့ပန်းချီလေးတွေဟာ သက်ဝင်လှုပ်ရှား နေတယ်လို့ လည်းခံစားရပါတယ်။ ဒီစာအုပ်ကိုတော့ မ”မမွေးခင် ကတည်းက ထုတ်ဝေခဲ့တာပါ။ ရထားတဲ့ စာအုပ်ကတော့ တတိယ အကြိမ်ထုတ်ခြင်းပါ။ ဦးဦးတင်မိုးရဲ့အမှာစကားလေး တချို့ကိုလည်း ရေးထားလိုက်ပါတယ်။

ကလေးတို့။

နေကောင်းကြရဲ့နော်။
မိုးတွေလဲ ဖြိုင်ဖြိုင် ရွာပြီ။ ကျောင်းတွေလဲ ဖြိုင်ဖြိုင် ဖွင့်ပြီ။ ဒီအချိန်မှာ ဦးဦးက ကလေးတို့ ဆိုဘို့ကဗျာတွေ စပ်ပေးလိုက်ပါတယ်။ ထီးကလေးနဲ့ မနီတဲ့။ ဦးဦးရဲ့ ၀ါဆိုဦး လက်ဆောင်လို့မှတ်ကြပါ။ .......... ။

ကလေးတို့ အစွမ်းကုန် ပွင့်လန်းပါစေ။
ဦးဦးတင်မိုး
၁၃၃၂-ခုနှစ် ၀ါဆိုကပြည့်ကျော် ( ၅ )ရက်

အများအကျိုး ကိုယ့်အကျိုး

မနီကလေး ပန်းပန်ချင်
ပန်းဥယျဉ် ကိုဝင်
ပန်းပန်ချင်ယင် ပန်းပင်ပျိုး
အများအကျိုး ကိုယ့်အကျိုး။
မနီကလေး ထမင်းဆာ
လယ်တော ဆီကိုလာ
ထမင်းဆာယင် ကောက်ပင်ပျိုး
အများအကျိုး ကိုယ့်အကျိုး။
မနီကလေး ချွေး စိုစို
စရပ်ရိပ် မှာခို
နေခိုချင်ယင် စရပ်မိုး
အများအကျိုး ကိုယ့်အကျိုး။

လက်ကျန် တဖူး

မနီ လာပါ့ - လသာည
လမ်းမ ဖြူးဖြူး ပန်းကဖူး
မနီ ပန်းတွေ ခူး။
တဖူးကိုတော့ ဘုရားထံ
တဖူး မေမေ ပန်။
လက်ကျန် တဖူး လိုချင်က
မနီ ထံကို လာပါကြ။

ကျောင်းခန်းဝင်

မနီကလေး လွယ်အိတ်ပြင်
ပိတောက်ပန်းနဲ့ ကျောင်းခန်းဝင်၊
မင်္ဂလာပါ ဆရာမ
ညီညီ ညာညာ နှုတ်ဆက်ကြ၊
ဝလုံးကလေး ချစ်စဖွယ်
ဝိုင်းအောင် ရေးတတ်တယ်၊
စပယ်လို ဖြူဖြူဖွေး
ဝလုံး ကြူကြူ မွှေး။

ထီးကလေးနဲ့ မနီ

မနီကလေး မူမူရာရာ
ထီးကလေး နဲ့လာ၊
လာပါလေရော့ လာပါတော့
ဆရာ ခေါ်ပါပေါ့၊
တမော့မော့နဲ့ စာပေအံ
သူ့တေး စာစာညံ၊
ဆရာ့ထံ စာအံရ
မနီ ပထမ။