ဟိုးရှေးရှေးအခါက မြို့နှင့် အလွန်ဝေးသော ကျေးရွာတစ်ရွာတွင် လယ်ယာကိုင်းကျွန်းအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေထိုင်ကြသော တောင်သူကြီး လင်မယားနှစ်ယောက် ရှိကြ၏။ ၎င်းလင်မယားသည် ဈေးရောင်းဈေးဝယ်နှင့် လူစည်ကားသော မြို့အရပ်ကို တစ်ခေါက်တစ်ခါမျှ မရောက်ဖူးကြချေ။ မိမိတို့ လယ်တောမှ ထွက်သော အသီးအနှံများကိုသာ သုံးဆောင် စားသောက် ၀တ်ဆင်ကာ ရိုးသားစွာနေကြသဖြင့် လင်ဖြစ်သူကို မောင်ရွှေရိုး ၊ မယားဖြစ်သူကို မယ်ရွှေရိုးဟု အများကခေါ်ကြလေသည်။ လင်မောင်ရွှေရိုး မယား မယ်ရွှေရိုးတို့ နေထိုင်ကြသည့်ရွာတွင် ရွာသူရွာသားများ ကိုးကွယ်ဆည်းကပ် အားထားရာဖြစ်သော ဆရာတော်ဘုရားသည် လောကုတ္တရာ ကျမ်းစာ အစောင်စောင်တို့ကို များစွာ နှံစပ်ပါသော်လည်း လောကီဗဟုသုတဆိုလျှင် ဘာတစ်ခုမျှ လေ့လာလိုက်စားခြင်းမရှိ ၊ ၀ဋ်ဆင်းရဲမှ ထွက်မြောက်ရာ ထွက်မြောက်ကြောင်းဖြစ်သော ကမ္မဋ္ဌာန်းတရားကိုသာ ကြိုးစားအားထုတ်၍ ရိုးရိုးသားသား နေထိုင်သဖြင့် ထူးဆန်းသော အရာဝတ္ထုနှင့် ခေတ်ပေါ်ပစ္စည်းများကို ဘာတစ်ခုမျှ မြင်ဖူးခြင်း ၊ တွေ့ဖူးခြင်း ၊ ကြားဖူးခြင်း မရှိ။ ထို့ကြောင့်ဆရာတော်ကြီးကိုလည်း ဘိုးရွှေရိုးဟု အများက ခေါ်ကြလေသည်။
တစ်နေ့သောအခါ လင်ဖြစ်သူ မောင်ရွှေရိုးသည် လယ်တောတွင် အလုပ်ကိစ္စများကို ကြိုးစားလုပ်ကိုင်ပြီးလျှင် အိမ်သို့ပြန်ရောက်သောအခါ အိပ်ရာထဲသို့ ၀င်၍အိပ်လိုက်သည်။
မယားဖြစ်သူ မယ်ရွှေရိုးသည် လင်မောင်ရွှေရိုး အိပ်နေသည်ကို မြင်လျှင် “ကိုရွှေရိုးကလည်းတော် အိမ်ရောက်လျှင် ရောက်ချင်း အိပ်တော့တာပဲ ၊ ရေကလေးများ ၀ိုင်းခတ်ပါအုံးတော့” ဟု ပြောသောကြောင့် ရေအိုးကို ထမ်းကာ ရေခပ်သွားရာတွင် ရေခပ်လမ်းမှ လူ၏အရိပ်ထင်ရန် ပြဒါးသုတ်ထားသော မှန်ဝိုင်းကလေးတစ်ချပ်ကို ကောက်ရလေ၏။ မောင်ရွှေရိုးသည် မှန်ကို မှန်မှန်းမသိချေ။
ဝင်းဝင်းပြောင်ပြောင်ကလေးကို အသေအချာကြည့်သောအခါ သျှောင်ပေစူးနှင့် မိမိအရိပ် ထင်နေသည်ကိုလည်း မိမိအရိပ်မှန်းမသိချေ။
‘လွန်ခဲ့သော ငါးနှစ်လောက်က သေဆုံးသွားသော သျှောင်ပေစူးနဲ့ ငါ့ ဘကြီးရဲ့ရုပ်ပုံပါလား ၊ ဘကြီးကို လွမ်းတဲ့အခါ ကြည့်ရအောင် အိမ်ယူသွားမှဘဲ’ ဟု စိတ်ကူးရ၍ မှန်ဝိုင်းကလေးကို အိတ်ထဲထည့်ကာ ရေခပ်ပြီးနောက် အိမ်သို့ ပြန်လေ၏။
အိမ်ရောက်လျှင် ကောက်ရခဲ့သော မှန်ကလေးကို အိမ်ဦးခန်းမှာ ထားသည့် သေတ္တာထဲတွင် ထည့်ကာ ရိုသေစွာ သိမ်းဆည်းထားလေ၏။
မောင်ရွှေရိုးသည် ဤအရာမှာ မှန်ဆိုသည်ကို သူမသိ ၊ အရိပ်ထင်တတ်သော သဘာဝကိုလည်း သူမသိချေ။ ကောက်ရခဲ့သော မှန်ဝိုင်းကလေးသည် လွန်ခဲ့သော ငါးနှစ်လောက်က သေဆုံးသွားသော သူ၏ဘကြီးရဲ့ရုပ်ပုံဟု အစွဲအလမ်းကြီးဖြင့် လယ်တောက ပြန်လာတိုင်း ပြန်လာတိုင်း သေတ္တာထဲက မှန်ဝိုင်းလေးကို ယူ၍ မိမိအရိပ်ကို ဘကြီးပုံထင်ကာ ကြည့်လေံရှိ၏။
ခေါင်းရင်းက သေတ္တာကို နေ့တိုင်းနေ့တိုင်း ဖွင့်ကြည့်နေသည်ကို မယ်ရွှေရိုး မြင်လေလျှင် ‘ကိုရွှေရိုးသည် သေတ္တာကို ခဏခဏ ဖွင့်ကြည့်နေသည်။ ငါမသိအောင် ဘာတွေများ ထည့်ထားလို့ပါလိမ့်မလဲ ၊ သူမရှိမှ အသေအချာ ဖွင့်ကြည့်ဦးမည်’ ဟု မယ်ရွှေရိုး အကြံရလေ၏။
လင်မောင်ရွှေရိုး လယ်တောထဲသို့ သွားသောအခါ မယားမယ်ရွှေရိုးသည် အကြံစည်ထားသည့်အတိုင်း သေတ္တာကို ဖွင့်၍ရှာဖွေကြည့်လေလျှင် တစ်ခါမှ မမြင်ဖူး ၊ မတွေ့ဖူးသော မှန်ဝိုင်းကလေးကို တွေ့၍ အသေအချာကြည့်သောအခါ မှန်ဝိုင်းလေးထဲမှ ထင်နေသေည မိမိအရိပ်ကို မြင်လေလျှင် ‘လက်စသတ်တော့ မောင်မင်းကြီးသာ မောင်ရွှေရိုးက သူ့မယားငယ် ရုပ်ပုံရှိလို့ သည်သေတ္တာကို ခဏခဏ ဖွင့်ကြည့်နေတာကိုး ၊ မယားငယ် ယူချင်တဲ့ မောင်ရွှေရိုး သည်တစ်ခါ အကြောင်းသိစေမယ်’ ဟု ကြုံးဝါးနေလေ၏။
မောင်ရွှေရိုး လယ်တောမှ ပြန်လာသောအခါ မယ်ရွှေရိုးသည် ကပျာကရာ မောင်ရွှေရိုး၏ လက်ကိုဆွဲကာ အိမ်ထဲသို့ ခေါ်၍ ခေါင်းရင်းသေတ္တာထဲမှ မှန်ဝိုင်းလေးကို ယူလာပြီးလျှင် “ဟောဒီဟာ မင့်မယားငယ်မဟုတ်လား” ဟု ဒေါသသံဖြင့် မေးပြီး မိမိအရိပ်ကို လက်ညှိုးထိုး၍ ပြလေ၏။
မောင်ရွှေရိုးသည် အံအားသင့်လျက် မှန်ကလေးကို ကပျာကရာ လုကာ မိမိအရိပ် အသေအချာ ကြည့်ပြီးလျှင် “ဟောဒီဟာ ငါ့ဘကြီးရဲ့ပုံဟ ၊ နှုတ်ခမ်းမွှေးကလေးရေးရေးနဲ့” ဟု ပြောလေ၏။
မယ်ရွှေရိုးကလည်း မှန်ကလေးကို ကပျာကရာ လုကာ အသေအချာ ကြည့်ပြီးလျှင် မိမိအရိပ်ကို လက်ညှိုးထိုး၍ “အသေအချာကြည့်ဟဲ့ ရွှေရိုးရဲ့ ၊ ဘီးကြော့ပတ်ဆံထုံးကြီးနဲ့ဟဲ့ ၊ ဘယ်က နင်လကြီးပုံဟုတ်ရမှာလဲ” ဟု ပြန်ပြောသဖြင့် “ငါ့ဘကြီးပုံဟ” ၊ “မယားငယ်ပုံဟဲ့” နှင့် အငြင်းပွားကာ လင်မယားရန်ဖြစ်ကြ၍ မောသောအခါ - မယ်ရွှေရိုးက ရုတ်တရက် အကြံရကာ “ကဲ ကိုရွှေရိုး ငြင်းမနေနဲ့ ၊ သစ္စာသမာဓိရှိတဲ့ ရွာဦးကျောင်းက ဘုန်းတော်ကြီးကို သွားမေးရအောင် ၊ ဆရာတော်က ရှင့်ဘကြီးဆိုရင်လည်း ကျွန်မက အရှုံးပေးမယ် ၊ ရှင့်နောက် အိမ်ထောင်ပုံလို့ ပြောရင်လည်း ရှင် အရှုံးပေးဝန်ခံ” ဟု ပြောလေ၏။
ထိုအခါ မောင်ရွှေရိုးက “ကောင်းပြီ၊ ဆရာတော်ကြီး ဆုံးဖြတ်တာကို နာခံမည်” ဟု နှစ်ဦးသဘောတူ မှန်မမြင်ဖူး ၊ မကြားဖူးသော ဆရာတော် ဘိုးရွှေရိုးကျောင်းသို့ သွားကြလေ၏။
ဆရာတော် ဘိုးရွှေရိုးသည် စိတ်ပုတီးကို လည်ပင်းမှာချိန်ကာ တံမြက်လှည်းရာမှ “ဟဲ့ ဒါယကာ ရွှေရိုးတို့ ဘယ်ကလာကြတာလဲ” ဟု မေးလေလျှင် ဒါယကာဦးရွှေရိုးသည် ဘုန်းတော်ကြီးကို ရိုသေစွာ ရှိခိုးလျက် “မှန်လှပါဘုရား တပည့်တော် လမ်းကကောက်ရတဲ့ ဘကြီးရဲ့ရုပ်ပုံကို မယ်ရွှေရိုးက တပည့်တော်ရဲ့ နောက်အိမ်ထောင်ပုံဟု စွပ်စွဲနေပါသဖြင့် ဘကြီးရဲ့ ရုပ်ပုံဟုတ်သည် ၊ မဟုတ်သည်ကို ဆုံဖြတ်၍ ပေးတော်မူပါဘုရား” ဟု လျှောက်လေ၏။
ထိုအခါ တစ်ခါမှ မှန်မကြည့်ဖူးသော ဘုန်းတော်ကြီးက “ရွှေရိုးရဲ့ ဘကြီးငါသိတာပေါ့ဟဲ့ ၊ ပြစမ်း အဲဒီပုံ” ဟု ဆိုကာ မှန်ဝိုင်းကလေးကိုတောင်း၍ မှန်ဝိုင်းထဲမှ ပေါ်သော ပုံရိပ်ကို အသေအချာကြည့်လေသည် “ဒီရုပ်ပုံဟာ မောင်ရွှေရိုးရဲ့မယားပုံငယ်လည်း မဟုတ်ဘူး ၊ မောင်ရွှေရိုးရဲ့ ဘကြီးပုံလည်း မဟုတ်ဘူးဟဲ့ ၊ အရင်တုန်းက ပျံလွန်တော်မူသွားတဲ့ ငါတို့ဆရာ ဘုန်းတော်ကြီးရဲ့ပုံပဲဟဲ့” ဟု အမိန့်ရှိလိုက်လေသည်။
လင်မောင်ရွှေရိုး မယားမယ်ရွှေရိုးတို့သည် ဆရာတော် ဆုံဖြတ်သည်ကို ခံယူကြပြီးလျှင် နဂိုအတိုင်း လင်မယား သင့်မြတ်ပြီး အိမ်သို့ ပြန်ကြလေ၏။
( တရုတ်ပုံပြင်များတွင် လည်းကောင်း၊ အနောက်တိုင်းပုံပြင်များတွင် လည်းကောင်း ဤသို့ မှန်ကိုအကြောင်းပြု၍ ပြောသော ဆင်တူယိုးမှား ပုံပြင်များ ရှိကြသည်။ သို့ရာတွင် ပြောဟန်နှင့် အချက်အလက်များ ကွဲပြားကြပါသည်။ )